သားအိမ်ကင်ဆာ မဖြစ်အောင် ကာကွယ်လို့ရလား?
သားအိမ်ကင်ဆာ မဖြစ်အောင် ကာကွယ်လို့ရလား? ဆိုတာကို မပြောခင် သားအိမ်ကင်ဆာ အကြောင်း ပြောပြပေး ချင်ပါတယ်။
သားအိမ်ကင်ဆာ
သားအိမ်ကင်ဆာဆိုတာက သားအိမ်အတွင်းနံရံ (endometrium) မှာရှိတဲ့ ဆဲလ်တွေ ထိန်းချိုပ်မရအောင် ပွားလာတာကနေ စတင်တာပါ။ ဒီဆဲလ်တွေက အနီးမှာရှိတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီ ပြန့်သွားပြီး ကင်ဆာဖြစ်လာပါတယ်။ သားအိမ်ကင်ဆာက သားအိမ်အတွင်းနံရံမှာ ဖြစ်နိုင်သလို သားအိမ်ကြွက်သားမှာလည်း ဖြစ်နိုင်ပါတယ်။
သားအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းများ
သားအိမ်ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခု မကပါဘူး။ ကင်ဆာဖြစ်စေတာနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အကြောင်းအရင်းတွေ ရှိသလို အချို့သော အကြောင်းအရင်းတွေကတော့ ကင်ဆာကို တိုက်ရိုက်ဖြစ်စေတာမျိုး မဟုတ်ပါဘူး။
သားအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေက
အသက်အရွယ် - အသက် ၅၀ အထက် ၆၀ ကြား အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက် ၄၅ နှစ်အောက် အမျိုးသမီးတွေမှာတော့ ဖြစ်ခဲပါတယ်။
အဝလွန်တာ - အဝလွန်တဲ့သူတွေမှာရှိတဲ့ အဆီတစ်ရှူးတွေက estrogen ဟော်မုန်းတွေကို ပိုမို ထွက်ရှိစေပြီး သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ အဝလွန်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က သားအိမ်ကင်ဆာ ခံစားကြရပါတယ်။
လူမျိုး - အနောက်ဥရောပ လူမျိုးတွေမှာ အခြား အာရှလူမျိုးတွေထက် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များသလို အာဖရိက အမျိုးသမီးတွေမှာလည်း သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။
မျိုးရိုး - မျိုးရိုးထဲမှာ အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ ဖြစ်ဖူးတာ ရှိမယ်ဆိုရင်လည်း သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။
အမျိုးအစား - ၂ ဆီးချို - အမျိုးအစား - ၂ ဆီးချိုရှိပြီး အဝလွန်နေသူတွေမှာလည်း သားအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
အခြားကင်ဆာ ရှိတာ - ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ နဲ့ သားဥအိမ်ကင်ဆာ ရှိသူတွေမှာ သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။
ဓာတ်ကင်နေရတာ - တင်ပဆုံတဝိုက်မှာရှိတဲ့ အစိတ်အပိုင်းတွေမှာ ကင်ဆာ ဖြစ်ဖူးတာကြောင့် ဓာတ်ကင်ခံဖူးမယ်ဆိုရင်တော့ သားအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။
အစားအသောက် - တိရစ္ဆာန် အဆီပါဝင်မှု များတဲ့ အစားအစာတွေကို အလွန်အမင်း စားသုံးတာကလည်း သားအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
Estrogen – estrogen ဟော်မုန်းနဲ့ ထိတွေ့မှုများတာ ကိုယ်တွင်းမှာ estrogen ပမာဏ မညီမျှတာလိုမျိုး ကျန်းမာရေးပြဿနာတွေကလည်း သားအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
အပျိုဖော်ဝင်တာ စောတာ - အသက် ၁၂ နှစ် မတိုင်ခင် ရာသီသွေးပေါ်သူတွေမှာလည်း သားအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။
ဟော်မုန်းအစားထိုး ကုသမှု ခံယူထားတာ - သွေးဆုံးပြီးချိန်မှာ estrogen တစ်မျိုးတည်းပါတဲ့ ဟော်မုန်းအစားထိုး ကုသမှု ခံယူထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်မဆောင်ဖူးတာ - တစ်ခါမှ ကိုယ်ဝန်မဆောင်ဖူးတဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။
သားအိမ်ကင်ဆာ မဖြစ်အောင် ကာကွယ်လို့ရလား?
လေ့လာမှုတွေအရတော့ အချို့သော အကြောင်းအရာတွေက သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။
သားဆက်ခြား သောက်ဆေး သောက်တာ - estrogen ရော progesterone ဟော်မုန်းပါ ပါတဲ့ သန္ဓေတား သောက်ဆေး သောက်တာက ရာသီသွေးမှန်စေပြီး သားအိမ်အတွင်းနံရံ အလွန်အမင်း ဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်တာကြောင့် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
သားအိမ်တွင်းထည့်ပစ္စည်း (IUD) သုံးတာ - ဟော်မုန်းပါတဲ့ IUD သုံးပြီး သားဆက်ခြားတာကလည်း သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ဟော်မုန်း အစားထိုးကုသမှု ခံယူတာ - ဟော်မုန်း အစားထိုး ခံယူတဲ့အခါ estrogen နဲ့ progesterone ဟော်မုန်း ၂ မျိုးစလုံးပါတဲ့ ကုထုံးခံယူတာက သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ကိုယ်အလေးချိန် ထိန်းပါ - ကျန်းမာတဲ့ ကိုယ်အလေးချိန် မြင်သာအောင် ပြောပြရရင် BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း) ၂၅ ထက် နည်းအောင် ထိန်းထားတာက သားအိမ်ကင်ဆာ ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းပါ။
သွေးချိုထိန်းပါ - ဆီးချိုရှိမယ်ဆိုရင် သွေးချိုပုံမှန်တိုင်းပြီး ထိန်းပေးတာက သားအိမ်ကင်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ရေးသားသူ - မွန်မွန်